ရန်ဖြစ်လို့ လက်ပစ်ဗုံးနဲ့ပစ်လိုက်တဲ့ ရဲတပ်သားသတင်း

ဒီနေ့ အတွက်တော့ အံ့သြစရာသတင်းပါ။ ဖြစ်တာကလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး အချင်းများပြီး တယောက်က လက်ပစ်ဗုံးနဲ့ ပစ်ထည့်လိုက်တာဖြစ်ပါတယ်။ အဆိုပါသတင်းကို 7 Days မှာဖော်ပြထားတာကတော့ “မောင်တောမြို့နယ် တွင် တာဝန်ကျသည့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးစကား များရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်၍ ရဲတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိကြောင်း” နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်လို့ ရေးထားတာဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက မောင်တောမြောက်ပိုင်း သင်္ဘောလှချောင်းဝ ရဲကင်းစခန်းတွင် တာဝန်ကျ နေသည့် ရဲတပ်သား ပြည့်ဖြိုးမင်းနှင့် ကျော်ဖြိုးသူတို့နှစ်ဦးတို့ စခန်းတွင် သုံးရေပြတ်လပ်နေ၍ အချင်းချင်း စကားများကြရာမှ ကျော်ဖြိုးသူဆိုသူက MG-1 ပလတ်စတစ်လက်ပစ်ဗုံးဖြင့် ရဲတပ်သား ပြည့်ဖြိုးမင်းကို ပစ်လိုက်တာလို့ သတင်းတွေမှာဖော်ပြထားပါတယ်။ ကင်းစခန်းအတွင်း အိပ်ပျော်နေသော ရဲဒုတပ်ကြပ် မင်းမင်းဇော်ကတော့ ဒဏ်ရာအပြင်းအထန်ရသွားပြီး ၊ ရဲတပ်သား ပြည့်ဖြိုးမင်းမှာတော့ ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ကြောင်းသိရပါတယ်။
လက်ရှိအချိန်မှာတော့လက်ပစ်ဗုံးဖြင့် ပစ်ခဲ့သူ ရဲတပ်သား ကျော်ဖြိုးသူအား မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲစခန်း အမှတ်(၁) ကျီးကန်းပြင် ဌာနချုပ်တွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း သိရသည်။