အကယ်ဒမီပေးပွဲမှာအသိအမှတ်ပြုမခံရလို့စိတ်မကောင်းဖြစ်ရတဲ့ထူးပိုင်ဇော်ဦး

၂၀၁၇ မှာရုံတင်တဲ့ဇာတ်ကားတွေထဲမှာ မြန်မာ့ရုပ်ရှင်လောကကို တခေတ်ဆန်းစေတယ်လို့ အသိအမှတ်ပြုခံရတဲ့ ည ဇာတ်ရုပ်ရှင် ဇတ်ကားကို ဖန်တီးသူကတော့ ထူးပိုင်ဇော်ဦးဖြစ်ပါတယ်။ အကယ်ဒမီ ပေးပွဲပြီးပြီးချင်းမှာ ထူးပိုင်ဇော်ဦးဟာ ဆုရတာ မရတာထက် အသိအမှတ်တောင်ပြုမခံခဲ့ရတဲ့အတွက် စိတ်မကောင်းတဲ့အကြောင်းကို ဖေ့ဘွတ်ခ်မှာရင်ဖွင့်ခဲ့ပါတယ်။ ထူးပိုင်ဇော်ဦး က “ည” ဆန်ကာတင်တောင် မပါတာသိပ်ကို ယူကြုံးမရဖြစ်ပါတယ်။ည အတွက် ဆုမမှန်းပါဘူး။ ဆန်ကာတင်တော့ ပါမယ်ထင်ထားတာ။ဒါရိုက်တာတစ်ယောက် အနေနဲ့ ကိုယ့် ရုပ်ရှင် အနုပညာ နဲ့ အတတ်ပညာ အရည်အသွေးကို ယုံကြည်တဲ့ အတွက် ဆန်ကာတင်တောင် ပါခွင့်မရတာ “ည” ရုပ်ရှင်ကြီးကိုရော အဖွဲ့သားတွေကိုရော “ည”ပရိသတ်တွေကိုပါသိပ်အားနာပါတယ်။ကိုယ့်ကိုယ်ကိုလဲ အရမ်းကို အားနာလွန်းလို့ ထပ်ပြီး ပိုကောင်းတဲ့ အနုပညာတွေ ဖန်တီးနိုင်အောင် အများကြီး ကြိုးစားသွားပါမယ်။ လို့ အကယ်ဒမီပေးပွဲအပြီးမှာရေးသားခဲ့တာပါ။ ဆက်လက်ပြီးဒုတိယအကြိမ် တင်ထားတဲ့စာမှာတော့ ထူးပိုင်ဇော်ဦးက ထပ်မံရင်ဖွင့်သွားပါတယ်။”အကယ်ဒမီပေးပွဲ သွားပါတယ်။ဝင်ဝင်ချင်း ဆန်ကာတင် ၁၂ ကား ပန်းချီလေးတွေ ချိတ်ထားတာ တွေ့တယ်။ “ည” ကို လိုက်ရှာမိသေးတယ်။မတွေ့ဘူး။ ဆု တွေ တစ်ဆုပြီး တစ်ဆုကြေငြာတယ်။ဆန်ကာတင် ၄ ကွက်မှာ ကိုယ့် ရုပ်ရှင်ဇာတ်ကွက်လေးများ ပါသလား ကြည့်မိတယ်။ မျှော်လင့်မိတယ်။စိတ်မကောင်းဖြစ်သွားတယ်။ကျတော်ဟာ “ည” ရဲ့ ဖန်တီးသူခေါင်းဆောင် တစ်ယောက်အနေနဲ့ နှစ်နဲ့ ချီပြီး အကောင်းဆုံး အရည်အသွေးတွေ “ည” အတွက် ပေးထားတဲ့ အနုပညာရှင် တွေ နဲ့ အတတ်ပညာရှင်တွေ အတွက် ကိုယ်တွေ ရဲ့ အနုပညာဟာ ဆန်ကာတင် ၁၂ ကားထဲလောက်တော့ တင်ကျန်သင့်ပါတယ်လို့  အားပေးတဲ့ အနေနဲ့ မနေ့က စိတ်မကောင်းခြင်းများစွာနဲ့ status တင်ဖြစ်တာပါ။အကယ်ဒမီ နဲ့ ပတ်သက်တာတွေလဲ ဘာမှ ထပ်မတင်တော့ပါဘူး။ကျတော်တို့ရဲ့ ရည်မှန်းချက်က အကယ်ဒမီ မဟုတ်ပါဘူး။အနုပညာမြောက်သော ရုပ်ရှင်တွေကို စေတနာရော ဖန်တီးမှု အားပါအပြည့်ထည့်ပြီး ရိုက်ကူးနေဖို့ပါ။ရုပ်ရှင်ကောင်းကောင်းလေးတွေ ထပ်ရိုက်သွားပါမယ် ခင်ဗျာ။အားလုံးရဲ့ယုံကြည်မှု နဲ့ ထိုက်တန်သော ဒါရိုက်တာ ဖြစ်စေရပါမယ်။လို့ ရေးထားပါတယ်။ထူးပိုင်ဇော်ဦး ရဲ့ ရုပ်ရှင်ဇာတ်ကားကို အသိအမှတ်ပြု မခံရလို့ စိတ်မကောင်းတဲ့ ပရိသတ်တွေဟာလည်း အများကြီးရှိနေပြီး စိတ်ကူးသစ် နဲ့ လူငယ်မျိုးဆက်သစ်တွေကို နေရာပေးချင်ရဲ့လားဆိုတဲ့မေးခွန်းတွေဟာတချိန်တည်းမှာထွက်ပေါ်လာပါတယ်။