မအေးသောင်း ရဲ့ ဇူလှိုင်လအတွင်း ကဗျာ အတွေးစများ

 

ဇူလှိုင် ဟာ မိုးတွေဆွေသလို လွမ်းစရာကောင်းတဲ့လ ပါ။ မအေးသောင်းကလည်း စာတို ကဗျာတိုလေးတွေနဲ့ သူမရဲ့ အတွေးစ တွေကို ရေးဖွဲ့ သီကုံးထားတာ ပပ၀တီ က ပြန်လည် စုစည်းတင်ဆက်လိုက်ပါတယ်

ဘဝမှာ အချစ်ထက်အရေးကြီးတဲ့အရာတွေအများကြီးပါ။ဒါပေမဲ့ အချစ်မရှိရင် အဲ့ဒီ့အရေးကြီးတာတွေကိုရှေ့မဆက်နိုင်တော့တာ
ကိုယ့်အားနည်းချက်များလားကွယ်

ကိုးကွယ်ယုံကြည်မှုဆိုတာ စိတ်လုံခြုံမှုကိုပေးနိုင်တယ်ဆိုပေမယ့်
အချစ်ကိုကိုးကွယ်တဲ့ကျွန်မတို့မိန်းမသားတွေအတွက်တော့
ရှင်တို့ရင်ခွင်အစုံ ဘယ်လိုပဲလှုံလှုံ
အကုန့်အကုန်တော့ မယုံ့မယုံရဲသမို့
စိတ်ရဲ့နောက်ကျောလေးကတော့
တအုံ့အုံနဲ့ထိတ်လို့ မလုံ့တလုံ အမြဲရှင့်။

အလွမ်းတွေက သူပေးခဲ့တာလဲ မဟုတ်ဘူးကိုယ်ပေးခဲ့တာလဲ မဟုတ်ဘူး
ဒီနေ့မနက် ကျတဲ့ မိုးစက်တွေက သယ်လာပေးတာ…မိုးတွေသည်းလိုက်တာ

ကိုယ်လုပ်မိခဲ့တဲ့ အထဲမှာ နောင်တအရဆုံးကတော့သူများအကြောင်းကို သေချာမသိပဲ ပြောခဲ့မိတဲ့အချိန်ပါပဲ။ ရင့်ကျက်ဖို့အတွက် ကြိုးစားရအုံးမယ်။